ဆီဆိုင်မြို့နယ်၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဆီဆိုင် စက်တင်ဘာ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တံတားတည်ဆောက်ရေးအင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမောင်ဆွေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ဆီဆိုင်မြို့နယ်တာဝန်ခံတို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၅၀ ဒသမ ၀၀ သန်းဖြင့် ဆောင်ရွက်သည့် ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင် လမ်းပေါ်ရှိ ၂၀၀ ပေ၊ သံကူကွန်ကရစ်တံတား(ပထမပိုင်း) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)