ကျွန်းစု စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို စက်တင်ဘာ ၆ ရက်နေ့က ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာနှင့် ကဘင်းချောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူစိုးသန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ်က ရွေးကောက်ပွဲပျက်အောင်ပြုလုပ်ဆောင်ရွက်မှုများနှင့် မဲဆန္ဒရှင်များအပေါ် ထိခိုက်နာကျင်စေမှု၊ ခြိမ်းခြောက်မှုများ၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိဒေါ်မို့မို့အေးနှင့် တာဝန်ရှိသူများက MEVM စနစ်ဖြင့် မဲပေးခြင်းဆိုင်ရာနည်းစနစ်များ၊ မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြခဲ့ကြကာ အဆိုပါကျေးရွာရှိမဲဆန္ဒရှင်များအား MEVM စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို စမ်းသပ်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)