ကလိန်အောင်မြို့၌ တော်သလင်းလပြည့်နေ့ ဆီနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကလိန်အောင် စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်း၌ ယမန်နေ့‌(တော်သလင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီက ဆီနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဆီနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများ၊ စေတနာရှင်၊ အလှူရှင်များက  စုပေါင်း၍ ကလိန်အောင်မြို့ သဒ္ဓမ္မရံသီအောင်တော်မူဝတ်ပြုကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၁၇) ကျောင်းတို့မှ ဆရာတော်အရှင်သုစိတ္တ ဦးဆောင်၍ ပင့်သံဃာတော် (၂၇) ပါးများအား ဆီ၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူဒါန်းကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆိုပြီး သဒ္ဓမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းတိုက်ဆရာတော်အရှင်သုစိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များမှ မေတ္တာသုတ်တရားရွတ်ဖတ်ပူဇော်ကာ ရေစက်ချ အနုမောဒနတရားနာယူကြည်ညိုကြ၍ ဆရာတော်၊ သံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)