တနင်္သာရီတိုင်းဒေသကြီး မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဖွဲ့စည်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး၏ ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု ၁၀၅၄၃ ဧကရှိ

ထားဝယ်     စက်တင်ဘာ ၆

မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းထိုက်က တိုင်းဒေသကြီးသည် Agro-ecological Zone အရ နှစ်ရှည်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းတဲ့ဒေသဖြစ်တဲ့အတွက် ရော်ဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ကိုကိုးစသည့် သီးနှံများအပြင် ဈေးကွက်ဝင်သီးနှံဖြစ်သော ဒူးရင်းသီးနှံလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်  တိုင်းဒေသကြီး၏ ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် စိုက်ဧက ၁၀၅၄၃ ဧက၊ အသီးခူးဧက ၁၀၂၁၁ ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် ၄၄၅၇လုံး ထွက်ရှိကာ ဒူးရင်းမျိုးကွဲအလိုက်စိုက်ပျိုးထုတ်လုပ်မှုပြည်ပမျိုး ၂၀ ရာခိုင်နှုန်းနှင့်ဒေသမျိုး ၈၀ ရာခိုင်နှုန်း စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်သည့်ခြံရှင်များ/လုပ်ငန်းရှင်များအနေဖြင့် ယခုလို အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် နည်းပညာ ဗဟုသုတများ ဖလှယ်နိုင်ပြီး ခေတ်မီစိုက်ပျိုးရေး နည်းပညာများမျှဝေသုံးစွဲနိုင်ခြင်း၊ နိုင်ငံတကာမှလိုအပ်သည့် စံချိန်စံညွှန်းအရည်အသွေးများ သတ်မှတ်နိုင်ခြင်းနှင့် နိုင်ငံတကာဈေးကွက်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ရရှိလာနိုင်ခြင်း၊ ဒူးရင်းကဏ္ဍဆိုင်ရာ မူဝါများချမှတ်ရာမှာလည်း ပါဝင်ဆွေးနွေးနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိလာနိုင်မှာဖြစ်သော ကြောင့်ဈေးကွက် ချိတ်ဆက်မှုများကို ပိုမိုသိရှိလာပြီး ခိုင်မာသော ဈေးကွက် ဖြစ်ပေါ်လာစေဖို့ အထောက်အကူပြုလာ နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဒူးရင်း စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်း ဒေသကြီး)ကို အမှုဆောင် (၂၁) ဦးဖြင့်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ အခမ်းအနားသို့တိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူခြံရှင်များ တက်ရောက်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)