လှိုင် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေနှင့် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လှိုင်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်အောင်မိုးက အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ယင်းအခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)