မြိတ်ခရိုင်၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ် စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှု ဂုဏ်သိက္ခာနှင့် တန်ဖိုးကို အလေးထားမြတ်နိုးပြီး အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန်အတွက် စက်တင်ဘာ ၅ ရက်နေ့က မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ပြိုင်ပွဲကို အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ဒိုင်အဖွဲ့ဝင် ဦးအေးစိုးက ပြောကြားသည်။ ထို့နောက် မြိတ်တက္ကသိုလ် အနုပညာအသင်းက “နှလုံးသားကိုအလှဆင်ပါ” တေးသီချင်း သီဆိုခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီး ပြိုင်ပွဲ စတင်ခဲ့သည်။

အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်း/ကာလပေါ်၊ မဟာဂီတ၊ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး၊ အကပြိုင်ပွဲတွင် တပင်တိုင်အက၊ အတီးပြိုင်ပွဲတွင် စန္ဒယားပြိုင်ပွဲ၊ အရေးပြိုင်ပွဲ အမျိုးအစားများဖြင့် အခြေခံပညာအဆင့်နှင့် အဆင့်မြင့်ပညာအဆင့် ကဏ္ဍအလိုက် ကျင်းပသည်။

ပြိုင်ပွဲများအပြီးတွင် အကဲဖြတ်အမှတ်ပေးဒိုင်များအား အမှတ်တရလက်ဆောင်၊ ဆုရရှိသော ပြိုင်ပွဲဝင်များအား ဆုတံဆိပ်များနှင့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက  အသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)