တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ထားဝယ်         စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက်  စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ထားဝယ်သူနာပြု သင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလှည့်လည်၍ ကြည့်ရှုအားပေးပြီး  သူနာပြုသင်တန်းသား/သူများ  အတွက်ချက်ပြုတ်နေသည့်နေရာတွင် ထင်းအစားထိုးလောင်စာတုံး အသုံးပြုနိုင်ရန်နှင့် စားကြက်ဥများ ပေးအပ်ရာ သူနာပြုသင်တန်းကျောင်းအုပ် ဒေါ်သင်းသင်းလှိုင်က လက်ခံယူသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ထားဝယ်လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်ဝင်း သန့်ရှင်းသန့်ရပ် လှပစေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့တော်ခန်းမ အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးက  အဆောက်အဦ အတွင်း တည်ဆောက်ပြီးစီးနေပြီဖြစ်သော အချောသပ်လုပ်ငန်းများ၊ အဆောက်အဦပြင်ပ ဆက်စပ်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က LED Video wall ၊ အသံစနစ်များ၊ လိုက်ကာများ တပ်ဆင်နေမှုများနှင့် မြို့တော်ခန်းမရှေ့ မြေယာရှုခင်းလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးရန်၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ပေး ရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ်းနားလမ်းတစ်လျှောက်ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)