ဟိုပုံး စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေထွက်ကြီးတွင် ရေကန်တွင်းနှင့် ရေကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေကန်ပတ်ဝန်းကျင်တွင် အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊ ရေကန်ပတ်ဝန်းကျင်တွင် ပြည်သူများ လာရောက်အပန်းဖြေနိုင်ရေးတို့အတွက် စက်တင်ဘာ ၆ ရက်နေ့ နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေကန်ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေကန်ကိုလာရောက် အသုံးပြုသူများ အဆင်ပြေစေရန် ရေချိုးရန်နေရာ သီးသန့်သတ်မှတ်ခြင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းရှိ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)