ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ထားဝယ် စက်တင်ဘာ ၅

စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ယခုနှစ်အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့၏ ဆောင်ပုဒ်မှာ “လေထုအရည်အသွေးကောင်းမွန်ဖို့ အရှိန်မြှင့်တင်ဆောင်ရွက်စို့ Racing for Air” ဖြစ်ပါကြောင်း၊ လေထုအရည်အသွေးတိုးတက်လာစေမည့် ဖြေရှင်းနည်းများကို ပိုမိုသိရှိ နားလည်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ကို စက်တင်ဘာ ၇ ရက်တွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ယနေ့ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများတွင် လေထုညစ်ညမ်းမှုသည့်ပိုမိုကြီးမားလာသောပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ လေသည်လူသားနှင့်ပတ်ဝန်းကျင်အတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်သောကြောင့် လေထုညစ်ညမ်းမှုကို ကာကွယ်ထိန်းသိမ်းနိုင်သူများမှာ လူသားတို့ပင်ဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုလျှော့ချရန် ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုပြဿနာများကို နိုင်ငံတကာအဆင့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များကို သန့်ရှင်းသောလေထု၊ စိမ်းလန်းသောပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ်များ လက်ဆင့်ကမ်းအမွေပေးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ညိုလင်းထက်က လေထုနှင့် လေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းစေသည့်အရင်းအမြစ်၊ လေထုညစ်ညမ်းမှုအမျိုးအစားများ Particulate Matter - PM၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာဆောင်ရွက်မှုများ၊ လေထုညစ်ညမ်းမှုလျှော့ချနိုင်မည့်အချက်များ၊ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ဖြစ်ပေါ်လာပုံ၊ ကျင်းပရခြင်းရည်ရွယ်ချက် စသည်တို့ကို ဆွေးနွေးပြောကြာသည်။

ဆက်လက်၍ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ပြီး “လေထုအရည်အသွေးကောင်းမွန်ဖို့အရှိန်မြှင့်တင်ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)