ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား စောင်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးအပ်

ဆမီး         ဒီဇင်ဘာလ       ၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား စောင်၊ အနွေးထည်နှင့် အနွေးဘောင်းဘီများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ထွေ/အုပ် တိုက်ပွဲရှောင်စခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို မော်လမြိုင်မြို့မှ အရှင်စန္ဒာဗောတိ (သာသနာနွယ်ဖောင်ဒေးရှင်း) က (ကျပ်သိန်းငါးဆယ်တိတိ) ပေးအပ်လှူဒါန်းတာဖြစ်ပြီး ဆောင်းတွင်း ကာလ၌ တိုက်ပွဲရှောင် ပြည်သူများ အတွက်လိုအပ်သည့် စောင်၊အနွေးထည်များနှင့်အနွေး ဘောင်းဘီများကို အလှူရှင်များ ကိုယ်စား လှူဒါန်းပေးခြင်းဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်(ခေါ်) ဆလိုင်းမျိုးထိုက်က ပြောကြားခဲ့သည်။

ဆမီးမြို့တိုက်ပွဲရှောင်စခန်းရှိ ပြည်သူတစ်ဦးက “ယခုလိုဆောင်းရာသီမှာ လိုအပ်နေတဲ့စောင်နှင့် အနွေးထည်တွေ လှူဒါန်းပေးတဲ့ အလှူရှင်တွေကို တိုက်ပွဲရှောင်ပြည်သူများ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်” ဟုပြောကြားသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ကျော်မိုး ကလက်ခံရယူပြီး တိုက်ပွဲရှောင် ပစ္စည်းဖြန့်ဝေရေးနှင့် လက်ခံရေးကော်မတီအတွင်းရေးမှူး ဦးကာလတ်ကတာဝန်ယူ၍ တိုက်ပွဲရှောင် အိမ်ထောင်စု (၈၁၅)စုတို့ အတွက် ဖြန့်ဝေပေးခဲ့ကြောင်းသိရှိ ရသည်။

လဲ့လဲ့ခိုင်(ဆမီး)