လိပ်သို စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ အာဟာရရက်သတ္တပတ် အသိပညာပေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၅ ရက်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဆရာမ ဒေါ်မိမိုးမိုးခိုင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ လိုက်နာဆောင်ရွက်သင့်သည့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင်အားဆေး၊ အသက် ၂ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များအား သန်ချဆေး၊ မျက်စိအားဆေးနှင့် အာဟာရမှုန့်ထုပ်များ ပေးဝေတိုက်ကျွေးခဲ့သည်။
ထို့နောက် တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိပ်သိုမြို့ပေါ်ရှိ စျေးဆိုင်များ၌ ရောင်းချလျက်ရှိသော ဆားထုပ်များထဲတွင် အိုင်အိုဒင်းဓာတ်ပါဝင်မှု စံမီ၊ မမီ လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်