ထားဝယ်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ထားဝယ်  စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၆) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က လူငယ်များအပြောအဆိုရဲရင့်လာစေရေး၊ ဆွေးနွေးပြောကြားနိုင်ရေးအတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာအုပ်စာပေများလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းယးကြမည့်လူငယ်မျိုး ဆက်သစ်များအား ပြစုပျိုးထောင်ရေးစဉ်ဆက်မပြတ် ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ လူငယ်များဗလငါးတန်ပြည့်စုံရေးအတွက် ယခုကတည်းက ဆောင်ရွက်ပေးထားရန်လိုအပ်ကြောင်း၊ လူငယ်များ သင်ယူသင့် သင်ယူထိုက်သည်များကို သင်ကြားခဲ့မှသာလျှင် အရည်အချင်းရှိသည့် ဦးဆောင်သူများဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိအကျိုး၊ မိမိပတ်ဝန်းကျင် အကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်သည့် သူများဖြစ်လာကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် Grade-9 ကျောင်းသူ မခြူးမြတ်ဇင်က လူငယ်နှင့် စာဖတ်ခြင်း၊  Grade-8 ကျောင်းသား မောင်ချစ်လင်းဇော်က လူငယ်နှင့် ယဉ်ကျေးမှု၊ Grade-7 ကျောင်းသား မောင်ဘုန်းမြတ်ဟိန်းက လူငယ်နှင့်အောင်မြင်မှု၊ Grade-9 ကျောင်းသူ မဇူးအိမ့်ဝိုင်က လူငယ်နှင့်ဆိုရှယ်မီဒီယာစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိမ်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)