ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၅
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ကြီးက အသိပညာပေးဟောပြောပွဲအား ပြုလုပ်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဟောပြောပွဲအားကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌက လူငယ်များ သိသင့်သိထိုက်သည့် ပြစ်မှု၊ ပြစ်ဒဏ် ဥပဒေဆိုင်ရာများအားလည်းကောင်း မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပြု အဖွဲဝင်တစ်ဦးက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်ဥပဒေများ လူငယ်များအတွက် ဥပဒေဆိုင်ရာသိမှတ်စရာများအားလည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာပေဖတ်ရှု့လေ့ခြင်း၏ အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာများအားလည်းကောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျန်းမာရေးဆိုင်ရာသိကောင်းစရာများအား လည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)