အမရပူရ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် ၂၀၂၄-၂၀၂၅ ပညာင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကိုယ်တိုင် လေ့လာကြိုးစား၍ စာတမ်းပြုစုတင်သွင်းရန်၊ ရိုးသားစွာဖြင့် အရည်အသွေးပြည့်မီအောင် စာမေးပွဲဖြေဆိုကြရန်၊ ကောင်းစွာအောင်မြင်ပေါက်မြောက်မည့် ဘွဲ့ရများဖြစ်စေရန်အတွက် ဘက်စုံအရည်အသွေးရှိရန်၊ ဘာသာရပ်အလိုက် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၏ စံပြကျောင်းသား၊ ကျောင်းသူကြီးများ ဖြစ်ရန်၊ မိခင်တက္ကသိုလ်အား အောက်မေ့လျက် အဆက်အသွယ်မပြတ်စေရန်၊ ဘွဲ့ရ၍ ကျောင်းပြီးသွားလျှင် ကျောင်းသားဟောင်း သူငယ်ချင်းများ အချင်းချင်းအပြန်အလှန် ရိုင်းပင်းကူညီမှုဖြင့် အဆက်အသွယ်မပြတ်စေရန်၊ ပညာပြည့်ဝသည့် ဘွဲ့ရများအဖြစ် နိုင်ငံ့တာဝန်များကို ကျရာနေရာ၊ ရောက်ရာအရပ်မှ အားဖြည့်ဆောင်ရွက်ကြရန်၊ မိမိ တိုင်းပြည်နှင့် လူမျိုးဘာသာယဉ်ကျေးမှုတို့ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားလျက် ထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ အုပ်ချုပ်သူ ဆရာ၊ ဆရာမများ၊ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ ၉၆၅ ဦး တက်ရောက်ကြောင်း သိရသည်။
စိုးသီဟ(အမရ)