လှိုင်းဘွဲ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ ကျန်မာရေးကဏ္ဏအသီးသီးတွင် ကုသရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်ရေး၊ ကျေးရွာဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအား ကျန်းမာရေးအချက်အလက် အချိန်မီတိကျစွာ ပေးပို့နိုင်ရေးနှင့် သင်တန်းတွင် သင်ကြားပို့ချသည့် သင်ခန်းစာများအား ကြိုးစာလေ့လာသင်ယူပြီး မိမိဒေသရှိပြည်သူများအတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစကလေးစောင့်ရှောက်မှု၊ ကျန်းမာရေးပညာပေးခြင်း၊ အာဟာရဖွံ့ဖြိုးမှု၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု၊ ရွေ့လျားဆေးကုသခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများကို စက်တင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ သင်ကြားပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)