မူဆယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မူဆယ် စက်တင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်အသုံးပြုမည့်စက်ဖြစ်သည့်အတွက် စနစ်တကျကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် ကိုယ်တိုင်မဲပေးရာတွင် အမှားအယွင်းမရှိစေရေးတို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ကော်မရှင်အရာရှိ ဦးဇာနည်မြင့်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြီး မဲပေးစက်ကိုင်တွယ်အသုံးပြုပုံ၊ ကိုယ်တိုင်မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက မဲပေးစက်ဖြင့် ကိုယ်တိုင်စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)