စလင်း စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဒေသအတွင်း စပါးမျိုးကောင်းမျိုးသန့်တိုးပွားစေရန်နှင့် ဆန်၊ စပါး ဖူလုံစေရန်ရည်ရွယ်၍ မိုးစပါးစိုက်ပျိုးရန်လျာထား (၄၇၇၁၅)ဧကထက် ပိုမိုကျော်လွန်၍ ကွင်းပိတ် မိုးစပါး (၄၇၈၄၃)ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရှိရသည်။
စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ၌ မနောသုခ၊ ဧရာမင်း၊ အောင်နိုင်တိုး၊ ရက် ၉၀ နှင့် မျိုးကွဲစပါးမျိုးများကို မျိုးစေ့ချစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက် လက်ဆွဲကောက်စိုက်စက်များကိုအသုံးပြု စိုက်ပျိုးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့်အတူ တောင်သူဦးကြီးများ၏ ကြိုးပမ်းအောင်မြင်စိုက်ပျိုးခြင်းများဖြင့် လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မိုးစပါးတစ်ဧက ပန်းတိုင်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းစနစ်များကို အသုံးချတတ်စေရန် နည်းပညာပြန့်ပွားရေးစိုက်ပျိုးရေးဦးစီးဌာနရုံးနှင့် ကျေးရွာများအရောက် တောင်သူအသိပညာပေးဟောပြောခြင်း ကွင်းသရုပ်ပြခြင်းများ၊ သွင်းအားစုများပံ့ပိုးပေးခြင်း၊ သဘာဝဓာတ်မြေသြဇာ ရောစပ်ကြဲပက်နည်းစနစ်များကို ဖြန့်ဖြူးသင်ကြား လက်တွေ့အသုံးချ၍ မိုးစပါးများအထွက်နှုန်းတိုးတက်စေသည့် တောင်သူဦးကြီးများအား အသိပညာ၊ နည်းပညာများ ဖြန့်ဖြူးပေးခြင်းများဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းစေခဲ့ကာ လယ်ယာကဏ္ဍ သီးနှံထုတ်လုပ်ကုန်ထုတ်လုပ်မှု တိုးတက်လာစေပြီး အထွက်နှုန်းကောင်းသော မျိုးစပါး၊ အရည်အသွေးကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များ တိုးပွားလာစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းကာ လယ်မြေများအရောက် ကွင်းဆင်းကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် မြို့နယ်အတွင်း ဆန်စပါးဖူလုံစေသည့်အပြင် အဓိကစားသောက်ကုန်ဆန်စပါးအား ပြည်ပပို့ကုန်အဖြစ် နှစ်စဥ်တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဆန်စပါးစိုက်ပျိုးရာ၌ တစ်ဧကပန်းတိုင်ထွက်ရှိရေးနှင့် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့၍ မြို့နယ်အတွင်းနှင့် နိုင်ငံတော်၏စားရေရိက္ခာ ဆန်စပါးအား ဖြည့်ဆည်းနိုင်ရုံမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ သိရသည်။
မောင်လွင်(စလင်း)