လင်းခေး စက်တင်ဘာ ၃
မျိုးဆက်သစ် ထူးချွန်အားကစားသမားများ မွေးထုတ်နိုင်ရန်၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကောင်းမွန်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန်၊ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ Team Work/Group Work လုပ်ငန်း များတွင်အများနှင့် ဆက်သွယ်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုအားကောင်းလာစေရန်နှင့် ကောင်းမွန်သောနိုင်ငံကြီး သားပီသမှုစိတ်ဓာတ်(Good Citizenship)ရင့်သန်လာစေရန်ရန်ဟူသည့် ရည်ရွယ်ချက်အားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့က မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်း စုံ(U-13/U-15) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်ပြီး တပ်နယ်(လင်းခေး)မှတပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး၊ စစ်ကြောင်းမှူးဦးဆောင်သော ပြိုင်ပွဲဝင်အသင်းများ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။
ယင်းနောက် လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့ ကပြ၊ ဖျော်ဖြေခြင်း၊ ကျောင်းသူကလေးများ၏ FitnessDance ကပြခြင်း၊ တောင်ရွာအခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကျောင်းသူများက “ထာဝရမြန်မာ” သီချင်းဖြင့် ကပြ ဖျော်ဖြေခြင်းနှင့် ရှမ်းတိုင်း ရင်းသားမောင်မယ်များက ရှမ်းတိုင်းရင်းသားအကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး၊ တပ်နယ်မှူးနှင့် တာဝန်ရှိသူတို့က အကအဖွဲ့များအား ဂုဏ်ပြုဆု အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်းစုံအသင်း(၁၁)သင်း ပါဝင်ယှဥ်ပြိုင်၍ ပြိုင်ပွဲကာလ (၁၀)ရက် ကျင်းပသွားမည်ဖြစ်ကြောင် းပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူထံမှသိရသည်။
ယနေ့ ဖွင့်ပွဲ ပွဲစဥ်အဖြစ် လင်းခေးအခြေခံပညာ အထက်တန်းကျောင်းအသင်းနှင့် ဝမ်ဟတ် အခြေခံပညာအထက်တန်းကျောင်း အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ၊ လင်းခေးအသင်းက (၆) ဂိုး၊ (၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)