ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေသတွင်း တိုင်းရင်းသားလူငယ်များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကစီစဉ်ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲ၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက်ဖွင့်လှစ်ပေးသည

မြစ်ကြီးနား သြဂုတ် ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က သင်တန်းသူများအနေဖြင့်  သင်တန်းမှသင်ယူရရှိခဲ့သောအသိပညာ၊ အတတ်ပညာများအား မိမိတို့ရပ်ရွာဒေသများသို့ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာပညာရပ်အဖြစ်ပြန်လည်အသုံးချကာ တစ်ပိုင်တစ်နိုင်စီးပွား ရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ထိုမှတဆင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် တိုးမြင့်လုပ်ကိုင်လာနိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသတွင်းမှီတင်းနေထိုင်လျက်ရှိသောတိုင်းရင်းသားများ၏ အခွင့်အရေးနှင့်၊ အကျိုး စီးပွားကိုဆထက်ထမ်းပိုးဆောင်ရွက်နိုင်အောင် အစဥ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ဆက်လက်ပြီးပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယခုသင်တန်းအား တိုင်းရင်းသားအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာဒေသအတွင်းဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိရေးနှင့် အမျိုးသမီးများဝင်ငွေရလုပ်ငန်းအဖြစ်လုပ်ကိုင်နိုင်ရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်ဖြစ်ထပ်မံဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း  ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က သင်တန်းတွင် စံပြဆုနှင့်ထူးချွန်ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုရသင်တန်းသူများအား စက်ချုပ်စက်များကိုအသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းတွင် အခြေခံစက် ချုပ်ပညာရပ်များအားသင်ကြားပို့ချပေးခဲ့သော သင်တန်းဆရာမ(၂)ဦးအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသူများမှ သင်တန်းတွင်ချုပ်လုပ်ခဲ့သောသင်္ဘောသားအင်္ကျီအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးထံ အမှတ် တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းတွင်လေ့ကျင့်ချုပ်လုပ်ထားသောသင်တန်းသူများ၏လက်ရာများဖြစ်‌သည့် အဝတ်အထည်များခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ဗန်းမော်ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူးဖွင့်လှစ်သည့် မြစ်ကြီးနားမြို့ရှိပြည်နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာများနှင့် ဌာနအသီးသီးမှဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲသို့တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ဦးတည်ချက်(၄)ရပ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ရေးဟုဖော်ပြပါရှိ သည့် အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်ပါလိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာ မဲပေးနိုင်ရေးနှင့်မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကကျသည့်အပိုင်းဖြစ်သည့်အတွက် သိရှိနားလည်အောင်၊ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်အောင် ကြိုးစားလေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိဦးမျိုးမင်းဦးက မဲပေးစက်နှင့်စပ်လျဉ်း၍ မဲပေးစက်ဖွဲ့စည်းတည် ဆောက်ထားရှိမှု၊ မဲပေးစက်ထုတ်ပိုးတည်ဆောက်မှုနှင့်မဲရုံအဖွဲ့ဝင်များက ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုရမည့်အချက်အလက်များ၊ မဲပေးစက်အသုံးပြုခြင်း ၏အကျိုးကျေးဇူးများ၊ မဲပေးစက်၏လုံခြုံစိတ်ချရမှုစသည့် အချက်အလက်များကို Power Point  ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်ဥပ‌ဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ဥပ‌ဒေရေးရာဝန်ကြီးဌာန၏ (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ(၃)ရပ်လုံးတွင် ယနေ့ခေတ်ဥပဒေရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ်ဦးဆောင်မှုအောက်ရှိ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများ၊ ခရိုင်ဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်မှအစပြု၍ ဒုတိယမြို့နယ်ဥပဒေအရာရှိထိဥပဒေအရာရှိများအားလုံးအနေဖြင့် ပါဝင်ဆောင်ရွက်နေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့အပြင် ကချင် ပြည်နယ်ဥပဒေချုပ်ရုံးသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် ဥပဒေနှင့်အညီဖြစ်စေရေး ပါဝင်ဆောင်ရွက်နေရသော ဌာနဖြစ်သည်နှင့်အညီ ဥပဒေအရာရှိများအနေဖြင့် ဥပဒေအသိပညာပြည့်ဝစေရေးအတွက် အစဉ်လေ့လာဆည်းပူးနေကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေအရာရှိများအနေဖြင့်လည်း ဥပဒေအရာရှိများကျင့်ဝတ်ပါအခြေခံမူများကို အလေးထားလိုက်နာပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ကြိုးစားဆောင်ရွက်ကြရင်း ပြည်နယ်အတွက် အကျိုးပြုသောဥပဒေအရာရှိကောင်းများဖြစ်လာစေရန်ခံယူကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနကပေးပို့လာသည့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သောဥပဒေရုံးများ၏လှုပ်ရှားဆောင်ရွက်မှုများ ဗီဒီယိုကလစ်ကိုကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးက ‌ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိ၊ ဝန်ထမ်းများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)