ဟားခါး သြဂုတ် ၂၈
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ လျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်သွားသည့် မန္တလေးမြေငလျင်ကြီးနှင့် အခြားသဘာဝဘေးများကြောင့် နိုင်ငံတော်က ဘီလီယန်ပေါင်းများ စွာဆုံးရှုံးရပြီး နိုင်ငံတော်၏ ဘတ်ဂျက်ကျုံ့သွားသဖြင့် ယခုကဲ့သို့ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ လျာထားနိုင်ရေးအတွက် အစည်းအဝေးအကြိမ်ကြိမ်ပြုလုပ်ပြီး စိစိစစ်စစ်ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်အဆက်ဆက်ကို လေ့လာကြည့်ပါက ချင်းပြည်နယ်အတွက် နိုင်ငံတော်မှတစ်နှစ်လျှင် အနည်းဆုံး(၁၀၀)ဘီလီယန်နှုန်း ထောက်ပံ့နေ သည်ကိုတွေ့ရှိရပါကြောင်း၊ ထိုသို့နိုင်ငံတော်က ထောက်ပံ့နေမှုအပေါ် ကျေးဇူးတုံ့ပြန်တတ်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများလျာထားရာတွင် ချင်းပြည်နယ်ဒေသ အခြေအနေနှင့် ကိုက်ညီသည့် မူ(၁၆)ချက် ချမှတ်ထားပြီးဖြစ်ပြီး ၎င်းအချက်များ ချုပ်လိုက်ပါက နိုင်ငံတော်၏ ကျေးဇူးတုံ့ပြန်နိုင်မှုရှိခြင်းနှင့် ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို တာဝန်ယူ၊ တာဝန်ခံမည့် ခိုင်မာအားကောင်းသည့် အဖွဲ့အစည်းရှိခြင်းဟူသည့် အချက် ( ၂ ) ချက် မဖြစ်အနေလိုအပ်ပါကြောင်း၊ ၎င်းအချက်(၂)ချက်မပြည့်မီပါက ထိရောက်သည့် ဘက်ဂျက် ဖြစ်နိုင်မည်မဟုတ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် အဆိုပြုရမည့် လုပ်ငန်းစီမံကိန်းများနှင့် အကြံပြုဆွေးနွေးတင်ပြလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးမှူး ဦးသန်းဦးက ချင်းပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆိုပြုလျာထားနိုင်ရေး စိစစ်မှုနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် အဆိုပြုလုပ်ငန်းစီမံကိန်းများလျာထားမှုအခြေအနေ များနှင့် တင်ပြလိုသည့်အချက်များကို ဆွေးနွေးတင်ပြကြသည်။
ပြည်နယ်ဦးစီးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)