မောက်မယ် သြဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အသိပညာပေးနှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သက်သက်ဝင်းက MCCT အသိပညာပေးနှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းပေးရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို နိုင်ငံတော်၏ အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကလေးငယ်များ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး ထိုသင်တန်းသို့ ကျန်းမာရေးဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်းရေးအသင်းဝင်များ တက်ရောက်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)