ကသာ ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကာသာမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မီတာ (၄၀၀) ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကသာမြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊အ.လ.က၊ ကိုယ်ပိုင်အခြေခံပညာကျောင်းများအလိုက် ဘောလုံးအားကစားအသင်း (၁၂) သင်းနှင့် ပိုက်ကျော်ခြင်းအသင်း (၁၂) သင်း၊ စုစုပေါင်းအားကစားအသင်း (၂၄) သင်းတို့က ကွင်းအတွင်းနေရာယူကြပြီး စစ်ကြောင်းချီတက်၍ အလေးပြုကြသည်။
ထို့နောက် အားကစားသစွာဓိဌာန်ကိုရွတ်ဆိုကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍အမှာစကားပြောကြားပြီးနောက် အ.လ.က (အောင်ချမ်းသာ) ကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက "အာရှမြန်မာ" သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အမျိုးသမီးဘောလုံးအသင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အမျိုးသမီး ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြရာတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အမျိုးသမီးဘောလုံးအသင်းက (၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်ခေတ္တဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ မိုးရာသီဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတို့တွင် အမျိုးသား/အမျိုးသမီးဘောလုံးအသင်း၊ အမျိုးသားပိုက်ကျော်ခြင်း အားကစားနည်းတို့ကို မီတာ (၄၀၀) အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)