ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူးကျင်းပသော(၁၄)ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား  သြဂုတ် ၂၄

ကချင်ပြည်နယ် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ (၁၄)ကြိမ်မြောက်အသင်းဝင်များ၏ သားသမီးများအနက် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီးတို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဆိုင်ရာအခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ရခိုင်တိုင်းရင်းသားများအနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် စာပေယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း အားပေးတိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမျိုးဇေယျာမင်းက စာပေနှင့် ယဉ်ကျေးမှုအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အသင်းဝင်သားသမီးများအနက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့်အတွက် ထောက်ပံ့ငွေချီးမြှင့်ရခြင်း၏ရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ စာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်၍အဆင့်မြင့်ပညာကိုသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)