မံစီ ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ယမန်နေ့ ညနေ ၄ နာရီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့အသိပညာပေးခြင်း လုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဦးက ဦးဆောင်၍ မံစီမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် နမ်မဖွဲကျေးရွာအုပ်စုတို့၌ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ပုံမှန်လှည့်လည် အသိပညာပေး နှိုးဆော် လျက်ရှိသည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေး အတွက် သတိဖြင့်ကြိုတင်ပြင်ဆင်ကာ အရေးပေါ်မီးသတ် ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိစေရန် ရည်ရွယ်၍ လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းဖြစ်ပြီး ပြည်သူများ၏ နေအိမ်များအတွင်း မီးဘေးလုံခြုံမှု ရှိစေရန်အတွက် မီးဖို၊ လျှပ်စစ်မီးများ အသုံးပြုထားသည့် အခြေအနေများ အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ ကြိုတင် ပြင်ဆင်ရေးအတွက် မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူး စသည့် အရေးပေါ် မီးသတ်ပစ္စည်းကိရိယာများ ဆောင်ရွက် ထားရှိမှု ရှိ/မရှိ တို့ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လှည့်လည်ကြည့်ရှုစစ်ဆေး အသိပညာပေး ဆောင်ရွက်လျက်ရှိနေကြောင်း၊ ကျေးရွာများတွင် လုပ်ငန်များကို ဆောင်ရွက်ရန် နယ်မြေမီးသတ် စခန်းများနှင့် ကျေးရွာများအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို တာဝန်ပေး မှာကြားထားကြောင်း မြို့နယ်မီးသတ် ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဦးက ပြောကြားသည်။
ရိန် (ပြန်/ဆက်)