နောင်မွန်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နောင်မွန်း  ဩဂုတ်  ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် လက်ရှိပညာသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အတုယူကြိုစားလာနိုင်စေရန်နှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပို့ချပေးခဲ့ ကြသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ဩဂုတ်လ၂၂ရက် နေ့လယ် ၁ နာရီတွင် နောင်မွန်းမြို့နယ်အခြေခံပညာအထက်တန်း‌ကျောင်း ထလမ်ရာဇီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို Grade-10ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က ပညာရေးကဏ္ဍအောင်မြင်နိုင်ရန် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးဇော်ဝင်းထွန်းက ရှေ့ဆက်ရမည့် နောင်မွန်းမြို့နယ်ပညာရေးရည်မှန်းချက်များနှင့် ဂုဏ်ပြုအမှာစကားများပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၄၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည့်အနက် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၉)ဦးနှင့် ဘာသာရပ်အလိုက် သင်ကြားပို့ချပေးခဲ့သောဆရာဆရာမများအား ဂုဏ်ပြုဆုငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများအသီးသီချီးမြှင့်ခဲ့ကြပြီး Grade-8 ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကအလှများဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား၊ ကျောင်းသူများက “အလှနှင့်သစ္စာ” သီချင်းတေးသရုပ်ဖော်အကဖြင့်လည်းကောင်း ဂုဏ်ပြုကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ(၂၄၀)ဦးခန့် တက်ရောက်ဂုဏ်ပြုခဲ့ ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)