ချမ်းအေးသာစံ ဩဂုတ် ၂၃
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့်အာဟာရချက်ပြုတ်ပြိုင်ပွဲ ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ အကဲဖြတ်အမှတ်ပေး ဒိုင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တန်ဖိုးသင့်အာဟာရချက်ပြုတ် ပြိုင်ပွဲဝင်များနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
၎င်းနောက် အခမ်းအနားကို အဆိုပါကျောင်းတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု တန်ဖိုးသင့် အာဟာရချက်ပြုတ်ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဆုရရှိသည့် ခရိုင်အသင်းများအား ဆုများချီးမြှင့်ရာ တိုင်းဒေသကြီးမိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ပထမဆုရရှိသည့် ပြင်ဦးလွင်ခရိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသည့် အမရပူရခရိုင်အသင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက တတိယဆုရရှိသည့် ရမည်းသင်းခရိုင်အသင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများက အထူးဆုရရှိသည့် ခရိုင်အသင်းများကို ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကြက်ဥ၊ အိုင်အိုးဒင်းဆားနှင့် အာဟာရဖြည့်စွက်စာများကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်