နေပြည်တော် ဩဂုတ် ၂၃
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာနေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ တိုးတက်ဖော်ဆောင်နိုင်ရေး၊ ဒေသအတွင်း ရှေးဟောင်းသမိုင်းဝင် အထင်ကရရှိသောဆွဲဆောင်မှုရှိသည့် စိတ်ဝင်စားဖွယ်နေရာများ ရွေးချယ်ဆောင်ရွက်ရေး၊ ကျေးလက်ဒေသ ရိုးရာဓလေ့စရိုက်များ၊ ပွဲတော်များ၊ ဒေသထွက်ကုန်များ၊ အထိမ်းအမှတ် ပစ္စည်းများ၊ ဒေသအစားအစာများကို အများပြည်သူသိရှိအောင် သတင်းမီဒီယာများ၊ ကြော်ငြာများ၊ လက်ကမ်းစာစောင်များစသည့် နည်းလမ်းများဖြင့် သိရှိအောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ခရီးသွားလုပ်ငန်းများဖော်ဆောင်ရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေး၊ ခရီးစဉ်နေရာများးအား ခရီးသွားရာသီမတိုင်မီ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရေး၊ ဟိုတယ်လုပ်ငန်းများ ဥပဓိရုပ်ကောင်းမွန်ဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှု တိုးတက်အောင် ဆောင်ရွက်နိုင်ရေး၊ ဟိုတယ်များတွင် Solar Energy များ ပြောင်းလဲ တပ်ဆင်အသုံးပြုနိုင်ရေးနှင့် ဟိုတယ်များတွင် ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် လုံခြုံ ရေးဝန်ထမ်းများ စနစ်တကျခန့်ထားပြီး CCTVများ တပ်ဆင်ဆောင်ရွက်ထားရေး၊ ငလျင် ဘေးကြောင့်ထိခိုက်ခဲ့သော ဟိုတယ်များ၊ လမ်း၊ တံတားများ အမြန်ပြန်လည်ပြုပြင်နိုင်ရေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးနှင့် မြေယာရှုခင်းများ၊ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးဆောင်ရွက်ထားရှိရေး၊ ခရီးစဉ်ဒေသများတွင် အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်ရေး အတွက် အမှိုက်ပုံးများအား သတ်မှတ်အရောင်များအတိုင်း ထားရှိရေး၊ လုပ်ငန်းကော်မတီဝင် များမှလည်း မိမိနှင့်သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့်တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)