ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြို့လုံးကျွတ် ဝါတွင်းကာလအရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲ ကျင်းပ

တောင်ကြီး ဩဂုတ် ၂၂

ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများ အဆင်ပြေစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ် ဝါတွင်းကာလ သတ္တမအကြိမ် အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်းအရုဏ်ဆွမ်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဓါတရား ထက်သန်စွာစုပေါင်းလောင်းလှူ ကုသိုလ်ယူခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးတို့က ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ ဆွမ်းလောင်းလှူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ်အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၁၀၆)ကျောင်းမှ သံဃာတော်အပါး (၁၀၈၀)တို့အား စေတနာရှင်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် စုပေါင်းလောင်းလှူခဲ့ကြခြင်းဖြစ်ပြီး၊ အရုဏ်ဆွမ်းလောင်းလှူပွဲများကို ဝါတွင်းကာလအတွင်း အပတ်စဉ်အဖိတ်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)