သရက်ချောင်း ဩဂုတ် ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သရက်ချောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက် အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကို Enrollment Application Form (ပုံစံ-၁) ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ပွေကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့် server ထဲထည့်၍ အချက်အလက်များကို QR Code ပါသည့် ဂဏန်း(၁၀)လုံးပါသော Unique ID နံပါတ်ပါစာရွက် ပြန်လည်ထုတ်ပေးသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သရက်ချောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးတင်အေး ဦးဆောင်၍ ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် ဆောင်ရွက်ခဲ့ပြီး သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်စန်းစန်းသက်နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)