မြိတ်မြို့ ပိုလီတက္ကနစ်တက္ကသိုလ်တွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

မြိတ်   ဩဂုတ်   ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ကျောင်းသားကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက် စေရန်၊ ဗဟုသုတများ ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အတွက် Polytechnic University (Myeik)တွင် ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကို ကျင်းပ​သည်။

အဆိုပါစကားဝိုင်းတွင် Polytechnic University (Myeik) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က  အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက လူငယ်စကားဝိုင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တွဲဖက်ပါမောက္ခ ဒေါ်ခိုင်ခိုင်စံတို့က ဦးဆောင်၍  စတုတ္ထနှစ်မှ  မောင်လွင်ဦးမောင်က လူငယ်နှင့်နည်းပညာ ၊ တတိယနှစ်မှ မောင်​နေမျိုးခန့်က လူငယ်နှင့် စာပေ၊ ပထမနှစ်မှ မောင်အံ့မင်းအိမ်က လူငယ်နှင့်စာရိတ္တ ၊ စတုတ္ထနှစ်မှ မလင်းဝေဇူးသွယ်က လူငယ်နှင့်ကျန်းမာရေး၊ တတိယနှစ်မှ မအိန္ဒြေမြင့်မြတ်သူက လူငယ်နှင့်ပညာရေး၊ တတိယနှစ်မှ မောင်အောင်သူရကျော်က လူငယ်နှင့်အားကစား ခေါင်းစဥ်တို့ဖြင့်  ဆွေးနွေးကြသည်။

ဆက်လက်၍  ကျောင်းသားကျောင်းသူများက မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများကလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကြည်​ဇေ​သော်