ဒလ ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ အလယ်ကျောင်း ဘုန်းတော်ကြီးသင်မူလတန်း(လွန်)ကျောင်း၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းနှင့် မြတ်မြင့်မိုလ်ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ ဦးဆောင်၍ အတန်းမှူးများ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများအား ကျွေးမွေးခဲ့ကြသည်။
အဆိုပါကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာ ကျောင်းများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦးရွှေလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းမာနှင့် ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ဆက်လက်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)