ဟားခါး ဒီဇင်ဘာ ၂၁
ချင်းပြည်နယ် ဟားခါးမြို့မှ COVID-19 ရောဂါပိုးတွေ့ရှိသူ Case-104756,Case-104757နှင့် Case-104758တို့ကို ဟားခါးမြို့ တိုင်းရင်းဆေးရုံ ကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ယမန်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ Case-104756, Case-104757နှင့် Case-104758 တို့တွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ဆေးရုံကဆင်းခွင့်ရပြီး ၄င်း၏နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ကြရန် မှာကြားခဲ့ကြောင်း၊ ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ရောဂါပိုး ပိုမိုတွေ့ရှိ ရကြောင်း၊ လက်ရှိ တိုင်းရင်းဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ဆေးကုသမှု ခံယူကျန်ရှိနေသူ (၈)ဦး ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူ ရှိခဲ့လျှင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ဆေးကုသမှုခံယူ စေမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေး ရေးဂိတ်တွင် နံနက်ပိုင်း(၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများ ကိုသာ(Swab Negative Certificate)ထောက်ခံစာ မြို့တွင်းဝင်ထွက် သွားလာခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာ(၁) ကြိမ်စစ်ဆေးလျှင် ငွေကျပ် (၁၀၀၀၀) ပေးဆောင်ရမည် ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးလျှင် စစ်ဆေး Negative (သို့မဟုတ်) Positiveသိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
မြို့နယ်ကိုဗစ်-၁၉ ကော်မတီအနေဖြင့် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကြီးကြပ်ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပြီး ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူ များက Swab နမူနာ စစ်ဆေးခြင်း ရှိန်အဟုန်မြှင့်ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်း ကြီးကြပ်ခဲ့ကြောင်း သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)