ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဟားခါး သြဂုတ် ၂၀

အခြားတိုင်းဒေသကြီးများနှင့်မြို့နယ်များမှ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၈ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ယာယီနေရပ် စွန့်ခွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မိမိတို့၏နေရပ်ဌာနေမှာ အတည်တကျ နေထိုင်ခြင်းဟာ အကောင်းဆုံးဖြစ်ကြောင်း၊ သို့သော်မလွန်ဆန်နိုင်သည့် ဖြစ်ရပ်များကြောင့် စွန့်ခွာ နေကြရခြင်းဖြစ်သဖြင့် ကိုယ်ချင်းစာနာမိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒုက္ခရောက်နေသည့် ပြည်သူများကို အမြဲတမ်းကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့အားဖြင့် ယခုကဲ့သို့ထောက်ပံ့ခြင်းဖြစ်ပြီး ယာယီနေရပ်စွန့်ပြည်သူများအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြေပြိုခြင်း၊ မီးလောင်ခြင်း၊ လေပြင်းတိုက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရသူများကို ထောက်ပံ့နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် လည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း  သဘာဝဘေးဒဏ်သင့် ပြည်သူများကို လက်လှမ်းမီသလောက်ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော်က ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်ကို ပျမ်းမျှ ငွေကျပ်ဘီလီယံ တစ်ရာကျော် ထောက်ပံ့နေသည်ကို မှတ်တမ်းများအရ သိရှိနိုင်ပါကြောင်း၊ နိုင်ငံတော်က ယခုကဲ့သို့ ထောက်ပံ့ပေးနေမှုကို မိမိတို့ပြည်သူများအနေဖြင့် ထိုက်သင့်သောနည်းလမ်းဖြင့် ကျေးဇူးတုံ့ပြန် သင့်ကြောင်း၊ ဥပမာလာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် တတ်နိုင်သမျှ ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး မိမိပေးလိုသော ပါတီကို လွတ်လပ်စွာ ဆန္ဒမဲပေးခြင်း၊ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် ပူးပေါင်းဆောင်ရွက်ခြင်းစသဖြင့်  နိုင်ငံတော်ကို ကျေးဇူးတုံ့ပြန်ရန်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ခေတ္တလုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ခေတ္တလူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်လူဝန်မှုကြီးကြပ်ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးတို့က နေရပ်စွန့်ပြည်သူများအား အားပေးစကားပြောကြားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် အခြားမြို့နယ်များနှင့် အခြားတိုင်းဒေသကြီးများမှ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများက မေးမြန်းတင်ပြလိုသည့်အချက်များကို လွတ်လပ်စွာမေးမြန်းတင်ပြကြပြီး မေးမြန်းတင်ပြချက်များအ သက်ဆိုင်ရာ ပြည်နယ်ဦးစီးမှူးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား ဧပြီ၊ မေနှင့် ဇွန်လများ အတွက် (၃)လစာ တစ်ဦးလျှင် ကျပ် ၆၀,၀၀၀/− နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ကြပြီး ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)