ပြင်ဦးလွင်မြို့  အမှတ် (၃)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၁၉

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်‌စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာလူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမကြီးက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး က ဦးဆောင်ပြီး Grade-(8) ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်ဥက္ကာကျော်က  “လူငယ်နှင့်ပညာ‌ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်နန္ဒာထွန်းက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သန့်ဘုန်းသွင်က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိမ့်ကြယ်စင်က “လူငယ်နှင့်ဆိုရှယ်မီဒီယာ”‌‌ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မရှင်းသန့်ဖြူက “လူငယ်နှင့်မူးယစ်ဆေးဝါး”‌  ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊‌ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သော  ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအပေါ် ဖြေကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှတာ၀န်ရှိသူများ၊ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ဦးဟိန်းမင်းဦးတို့က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး မေးခွန်းမေးမြန်းဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်းပြသ‌သည်။ အဆိုပါလူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်၊ ပြန်/ဆက်)