လိပ်သို ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ဉီးဖြိုးကြွယ်မြင့် ရေးသားသော “သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ အောင်မြင်သောဘဝကို ရယူလိုပါက အပေါ်ယံအသိလောက်နှင့်သာ တင်းတိမ်နေ၍မရပဲ မိမိဖြစ်လိုသော ဘဝမျိုးရရှိရေးအတွက် စာအုပ်များကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-8 ကျောင်းသူ နော်ချယ်ရီထွေးက “ ပညာတတ်တွေ ဖြစ်ကြစေ ” ခေါင်းစဉ်အောက်မှ “ အတတ်ပညာသည် ဤလောကတွင် မိတ်ဆွေကောင်းဖြစ်ပြီး နာကြားခြင်း၊ မှတ်သားခြင်းဖြင့် ဗဟုသုတနှင့် ပြည်စုံနိုင်ကြောင်း၊ နှုတ်မှုပညာကိုဖြစ်စေ၊ လက်မှုပညာကိုဖြစ်စေ ကုန်စင်အောင် တတ်မြောက်ခဲ့လျှင် ထိုအတတ်ပညာများက အသက်မွေးဝမ်းကျောင်းအတွက် အထောက်အပံ့ ဖြစ်နိုင်ကြောင်း၊ စာအုပ်ထဲတွင်ရှိသော အတတ်ပညာနှင့် သူတစ်ပါး၌ရှိသော အတတ်ပညာသည် မိမိကိုယ်ပိုင်မဟုတ်သဖြင့် အကြောင်းကိစ္စပေါ်ပေါက်လျှင် အသုံးပြု၍ မရနိုင်သောကြောင့် မိမိကိုယ်တိုင် အသိပညာဗဟုသုတနှင့် ပြည့်စုံနေဖို့ လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ဉီးဖြိုးကြွယ်မြင့် ရေးသားသော “သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ကလေးလူငယ်များကို မိမိနေထိုင်ရာ ကမ္ဘာလောကကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ကူညီလုပ်ဆောင်တတ်စေရန် လူကြီးများအနေဖြင့် လမ်းပြပေးရမှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်