မြစ်သားမြို့နယ်တွင် မိုးစပါး ၂၈၁ ဧက အတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေး

မြစ်သား    ဩဂုတ်  ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါး ၂၈၁ ဧကအတွက်  ကျွဲတပ်ကျေးရွာအုပ်စုနှင့် ကုက္ကိုစု‌ကျေးရွာအုပ်စုတို့ရှိ တောင်သူလယ်သမားများအား ယနေ့နံနက် ၉ နာရီခွဲက စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး‌ပေးသည်။

စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်အေမီမီခန့်က ယခင်နှစ်ချေးငွေ‌ကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကို ချေးငွေပြန်လည်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါး  ၂၈၁ ဧက အတွက် ကျွဲတပ်ကျေးရွာအုပ်စုနှင့် ကုက္ကိုစု‌ကျေးရွာအုပ်စုတို့ရှိ တောင်သူ ၇၁ ဦးအတွက် စုစုပေါင်းချေး ငွေကျပ် ၄၂၁၅၀၀၀၀ ထုတ်ချေးပေးသည်။

စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ (၇) အမည်ပေါက်ရှိရမည်ဖြစ်ပြီး ကျေးရွာ အလိုက်ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိပြီး မိုးစပါးစိုက် တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)