မြဝတီမြို့တွင် အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်လှစ်

မြဝတီ        ဩဂုတ် ၁၉

ကရင်ပြည်နယ် မြဝတီခရိုင်မြဝတီမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြဝတီမြို့ အမှတ် (၁)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးမြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများစုစုပေါင်း ၁၂၀ တက် ရောက်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးကောင်းစံလင်းက  အမှာစကားပြောကြားပြီး ခရိုင်‌ကော်မရှင်ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဖွင့် လှစ်မည့်ကာလ၊ သင်တန်းသားဦးရေနှင့် မြန်မာအီလက်ထရောနစ်(MEVA) မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း လက်တွေ့ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ သင်တန်းသား၊သင်တန်းသူ ဆရာ၊ ဆရာမများက စမ်းသပ်မဲပေးခြင်း၊ မဲရလဒ်ရေတွက်ခြင်းအသုံးပြုပုံများအား လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြငါးဦးက မြန်မာအီလက်ထရောနစ် (MEVA)မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းသင်ခန်းစာများကို မြဝတီမြို့ပေါ်ရှိ ဆရာ၊ ဆရာမ(၅၇)ဦးအား ဆက်လက်သင်ကြားပို့ချပေးသည်။   အဆိုပါ မြန်မာအီလက်ထရောနစ် (MEVA)မဲပေးစက် ကိုင်တွယ် အသုံးပြုနည်း သင်တန်းကို ဩဂုတ် ၁၉ ရက်မှ ဩဂုတ် ၂၂ ရက်အထိ   သင်တန်းသား ဦးရေ ၁၀၀ဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆောင်းနှင်းဖြူ (ပြန့်/ဆက်)