ကျောက်တံတား ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်တွင် ဆူးလေဘုရားလမ်းရှိ အမှတ်(၇၇) ဟိုတယ်နှင့်ခရီးသွားလာရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက အမှာစကားပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မေဖူးမြင့်ခိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ဆန္ဒပြုခန်းအတွင်း မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကိုသရုပ်ပြသကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကြည့်ရှုခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)