ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

​ကျောက်ဆည် ဩဂုတ်  ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည် ဝါသီးနှံများကို မိုး၊ မိုးကြို၊ မိုးနှောင်းရာသီများတွင်  စိုက်ပျိုးကြကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီး၌ ရဲဘော်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးချည်မျှက်ရှည်ဝါသီးနှံများကို သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းနှင့် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများမှ ကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြပြီး သင်္ဂတုံကျေးရွာအုပ်စု၌(၂၃)ဧက၊ ကလေးကျေးရွ ာအုပ်စု၌(၁၈)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စု၌ (၄၇၅)ဧက၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စု၌ (၁၀)ဧက၊ ရဲဘော်ကြီးကျေးရွာ အုပ်စု၌(၅၀၂)ဧက၊ ရဲယမန်းကျေးရွာ အုပ်စု၌(၉၄၆)ဧက၊ ပေါင်လောင်ကျေးရွာ အုပ်စု၌(၃၁၀)ဧက၊ တောင်တော်ကျေးရွာအုပ်စု၌(၄၃၁)ဧက၊ ကင်းကျေးရွာ အုပ်စု၌(၃၄၅)ဧက စိုက်ပျိုးပြီးကြောင်းသိရှိရပြီး ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် B-31 ဝါမျိုးများ အဓိကထားစိုက်ပျိုးကြောင်း သိရသည်။

ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ဌာနဆိုင်ရာတာဝန်ရှိသူများမှ အပင်ပေါက်ချိန်မှ ရက်ပေါင်း(၃၀) အတွင်း တစ်ကျင်း(၂)ပင်ချန်စနစ်ဖြင့် သားခွဲစေခြင်း၊ အပိန့်စဝင်ချိန်နှင့်ပန်းပွင့်ချိန်၌ ယူရီးယားအိတ်တစ်ဝက်နှင့် ကွန်ပေါင်းမြေဩဇာအိတ်တစ်ဝက်ရောစပ်၍ သွင်းအားစုထည့်ပြီးရေသွင်းခြင်း၊ ရက်ပေါင်း(၅၀)ကျော်တွင် ပိုးမွှားကျရောက်မှုအား စောင့်ကြည့်မှတ်တမ်းယူပြီး ကာကွယ်နှိမ်နင်းခြင်း၊ ပန်းပွင့်ဖြိုင်ချိန်၌ ရေသွင်းခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စေရေးနှင့်  ဝါကောက်သိမ်း သိုလှောင်နည်းများကို စနစ်တကျ ကူညီပံ့ပိုးပေးလျက် ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)