ထန်းတပင် သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့်မြို့နယ်အတွင်းအရည်အသွေးကောင်းမွန်သော စံပြကွက်များဖြစ်စေရေးအတွက် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကများအဖြစ်ပြောင်းလဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကငါးရာကျော်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး စနစ်ကျလယ်ယာမြေဧကများ ထပ်မံ၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လည်း စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧကဖော်ထုတ်ခြင်းလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာနှစ်မှာ ပထမအကြိမ်အဖြစ်ရေပေါ်သောင်ကျေးရွာမှာ ဧကပေါင်း(၃၈၁)ဧကကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိမိုးစပါးစိုက်ဧက(၃၅၆)ဧကနဲ့ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှာ ဒုတိယမြောက်အဖြစ် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာမှာ ဧက(၁၅၀)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးတော့ လက်ရှိမိုးစပါးစိုက်ဧက(၁၅၀)ဧကကိုစိုက်ပျိုးထားရှိပါတယ်။ နောက်ထပ်လည်း စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း စီစဥ်ဆောင် ရွက်လျက်ရှိပါတယ်ဟု မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ကရှင်းပြသည်။
စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧကများဖော်ထုတ်ခြင်းကြောင့် ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းရောက်ရှိခြင်း၊ တောင်သူများအကျိုးရှိဝင်ငွေတိုးပွားစေခြင်း၊ ရေသွင်းရေထုတ်မြောင်းများကောင်းမွန်စေခြင်း၊ လယ်ယာကုန်ထုတ်လမ်းများကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ သီးနှံများအထွက်တိုးပွားလာခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသည့် အကျိုးကျေးဇူးများကိုပါရရှိကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)