ဒဂုံ(မြောက်) ဩဂုတ် ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ဩဂုတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက အမှတ်(၃၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်လဝကဦးစီးမှူးဦးမြင့်ဇော်၏ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးသို့လာရောက်မဆောင်ရွက်နိုင်သည့်ပြည်သူများအား လဝကတိုက်နယ်မှူးများမှ၊ ၃၇ ရပ်ကွက်နှင့် ၅၀ ရပ်ကွက်တို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်အတွင်းရှိပြည်သူများ၏ အိမ်ထောင်စုစာရင်းစိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက် ၁၆-၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ် ပြားမပြုလုပ်ရသေးသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)