ရန်ကုန် သြဂုတ် ၁၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်း၍ ရွက်ပုန်းသီးမျိုးဆက်သစ်များ ပေါ်ထွက်လာရေးအတွက် နယ်ဒေသများတွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်ကာ ဘောလုံးအားကစားဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် အကြိုအလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ MFF တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
ဆွေးနွေးပွဲသို့ ပုသိမ်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ မြစ်ကြီးနား စသည့် ဒေသ(၆)ခုမှ Regional Technical Director ဒေသဆိုင်ရာ နည်းစနစ်ဒါရိုက်တာ၊ နည်းပြ၊ လက်ထောက်နည်းပြ၊ ဂိုးနည်းပြ စသည့်တာဝန်များဖြင့် နည်းပြစုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ပြီး MFF နည်းစနစ်ဒါရိုက်တာနှင့် နည်းစနစ်တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးမျှဝေခဲ့ကြသည်။
MFF အနေဖြင့် လေ့ကျင့်ရေးစင်တာများအား ဖွင့်လှစ်ကာ ဒေသအလိုက် အသက် ၁၄ နှစ်အောက် အမျိုးသမီး၊ အမျိုးသား လူငယ်အသင်းများ ဖွဲ့စည်းလေ့ကျင့်ပေးခြင်း၊ ပြိုင်ပွဲများကျင်းပခြင်း၊ ဘောလုံးနည်းစနစ်များဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်းတို့ကို ဒေသဆိုင်ရာနည်းစနစ်ဒါရိုက်တာများ၏ ဦးဆောင်မှုဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ ယခုနှစ်တွင် အထက်ပါဒေသ ၆ ခုဖြင့် ကနဦးစတင်ဆောင်ရွက်မည်ဖြစ်ပြီး နောင်နှစ်များတွင် နိုင်ငံတဝှမ်းဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ နည်းစနစ်ဒါရိုက်တာ မိတနှင့် နည်းစနစ်တာဝန်ရှိသူများ၊ ဒေသဆိုင်ရာနည်းစနစ် ဒါရိုက်တာများနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။
အောင်မြင့် (ပြန်/ဆက်)