သာကေတ သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ပညာရေးချီးမြှင့်ငွေပေးအပ်ပွဲကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြဝတီဆောင်၌ကျင်းပပြုလုပ်ရာ မြို့နယ်သမဝါယဦးစီးဌာနဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ပညာရေးသမဝါယမအသင်းဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ်အုပ်ချုပ်မှုဒါရိုက်တာဦးအောင်သန်း(ထက်/ပြငြိမ်း)နှင့်ဒေါ်မြင့်မြင့်စန်း (လယ်/ပြ)တို့က ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌဦးရဲဝင်း( ထက်/အုပ်-ငြိမ်း)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သာကေတမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်သီတာဦးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ သမဝါယမအသင်းများလုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်သာကေတမြို့နယ်၊ မြို့နယ်ပညာရေးမှူးကိုယ်စားဒုတိယမြို့ နယ်ပညာရေးမှူးဦးအုန်းကျော်က မုဒိတာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဥ်နှင့်ဘဏ္ဍာရေးရှင်းတမ်းကို အသင်းအတွင်းရေးမှူးဒေါ်စမ်းစမ်းမော်(မူ/အုပ်)ကလည်းကောင်း၊ အသင်းစာရင်းစစ်အဖွဲ့၏အစီရင်ခံစာကို ဒေါ်စုစုလှိုင် (မူ/အုပ်)ကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ပြီး အတည်ပြုချက်များရယူခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် GEC ပညာရေးသမဝါယမအသင်း အသင်းဝင်များ၏သားသမီးများကို တာဝန်ရှိသူများကဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ မဧပရယ်ဋ္ဌေးဝင်း(ဇီဝ)၊ မခိုင်ကြည်ဖြူ(ဇီဝ)၊ မလင်းထက်အိမ်၊ မောင်ထူးထက်တေဇာ၊ မောင်ကောင်းလင်းခန့်တို့ကလက်ခံရယူခဲ့သည်။ ထို့နောက်သဘာပတိက နိဂုံးချုပ်စကားပြောကြားခဲ့သည်။ ယင်းနောက်တက်ရောက်လာကြသည့် အသင်းဝင် ၃၇၅ ဦးအား အစုပေါ်အကျိုးဝေစု ၁၅၀၀၀ ကျပ်၊ စုစုပေါင်း ၅၆၂၅၀၀၀ ကျပ်တို့ကို ခွဲဝေပေးခဲ့သည်။
ရွှေစင်(ပြန်/ဆက်)