လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လင်းခေး သြဂုတ်၁၈

ကြက်ခြေနီအကြောင်းအားသိရှိလာစေရန်၊ ကြက်ခြေနီစိတ်ဓာတ်များရရှိလာစေပြီး လူမှုဂရုဏာအသင်းများ၌ ပါဝင်ကူညီဆောင်ရွက်တတ်လာစေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးပေါ်လာက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့်စပ်လျဥ်းသည်များအား ရှင်းလင်းအမှာစကားပြောကြားပေးခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်း၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်သွားလာခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း အစရှိသည့် ရှေးဦးပြုစုခြင်းအခြေခံဘာသာရပ် (၁၆)မျိုးအား သင်တန်းနည်းပြ (၄)ဦးတို့က သင်တန်းကာလ (၃)ရက်ကြာ စာတွေ့ လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ရှိသူထံမှ သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၃၁)ဦး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)