အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

မန္တလေး ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်နှင့်သပိတ်ကျင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးအဆင့်ဆင့်မှ အငယ်တန်းစာရေးနှင့်အခြားအဆင့်ဝန်ထမ်းများအတွက် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၈ရက် နံနက် ၉ နာရီက အောင်မြေသာစံ မြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ သပိတ်ကျင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုင်အေးနှင့် အရာထမ်း၊အမှုထမ်းများ  တက်ရောက်ကြသည်။

အခမ်းအနားတွင် အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း (မန္တလေး)ဥက္ကဋ္ဌ ဦးလှဝေ(တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး-ငြိမ်း)က သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းဟောင်းများအသင်း (မန္တလေး)မှ အငြိမ်းစားအရာရှိများက သင်တန်းသား/သင်တန်းသူ (၅၆)ဦးတို့အား သင်တန်းကာလ ငါးရက်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသမိုင်း၊ ဝန်ထမ်းကောင်းဖြစ်ရန် လိုက်နာ  ရမည့်အခြေခံအချက်များ၊ ဦးစီးတာဝန်၊ ရုံးလုပ်ငန်း၊ အုပ်ချုပ်ရေးဆိုင်ရာသိကောင်းစရာများ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ ဘဏ္ဍာရေးနှင့်ငွေစာရင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ တာဝန်နှင့်ဝတ္တရားဆိုင်ရာအခြေခံအချက်များကို  ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ)