ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ကျိုင်းလပ် ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့ နံနက်က အမှတ်(၁)ရပ်ကွက်သို့ သွားရောက် ငှားရမ်းခဲ့ကြသည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်သူ တိုးပွားလာစေရန်ရည်ရွယ်၍ ငှားရမ်းပေးခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြကာတွန်း အပါအဝင် စာအုပ်ပေါင်း (၅၀)ကို ယူဆောင်၍ ရပ်ကွက်ကျေးရွာရှိ စာဖတ်ပရိသတ်များထံ အရောက်သွား၍ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင် အပ်နှံမှုကို ပြန်လည်လက်ခံခြင်း၊ စာအုပ် စာစောင် အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဦးစီးဌာနအနေဖြင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများ လေ့လာဖတ်ရှုခွင့် ရရှိကြပြီး စာပေချစ်မြတ်နိုးသူများ အနေဖြင့်လည်း စာပေနှင့်ဝေးကွာခြင်း မရှိဘဲ အဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)