ထန်းတပင်(ရန်ကုန်) သြဂုတ် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကလည်း ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာအုပ်စုနှင့် အမှတ်(၃)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးဦးခင်ဆွေနှင့် ဝန်ထမ်းများက လမုတန်းကြီးကျေးရွာအုပ်စုနှင့် အတွင်းရေကျော်ကျေးရွာအုပ်စုတို့တွင် ပန်းခင်းစီမံချက်(၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးလေးကျေးရွာတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကာယံကံရှင်လက်ဝယ်သို့ မပေးအပ်မီ Biometric အချက်အလက်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တခါမျှ ကိုင်ဆောင်ထားခြင်းမရှိသူများအား စိစစ်ဆောင်ရွက်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းလုပ်ငန်းများနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလုံးဝမကိုင်ဆောင်ရသေးသော ပြည်သူများအား EID စနစ်ဖြင့် စိစစ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)