တနင်္သာရီမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ မဟာဗောဓိညောင်ပင်ပရဝုဏ်အတွင်း မြေသန့်စင်မင်္ဂလာအခမ်းအနား ကျင်းပ

တနင်္သာရီ ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ မဟာဗောဓိညောင်ပင် ပရဝုဏ်အတွင်း ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆုတ် (၉) ရက် ယနေ့နံနက် (၉) နာရီက မဟာဗောဓိညောင်ပင်မြေသန့်စင်ခြင်းမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်/ သံဃာတော်များနှင့် လူပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆို ဖွင့်လှစ်ကြပြီး မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဦးဇောတိကက ငါးပါးသီလ ချီးမြှင့်ပေးတော်မူခဲ့သည်။ ထို့နောက်ကြွရောက်လာကြသည့် ဆရာတော်/ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းမေတ္တာသုတ်ပရိတ်များ ရွတ်ပွားချီးမြှင့်ခဲ့ကြပြီး မဟာဗောဓိညောင်ပင်နှင့် မြေနေရာအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍အလှူရှင်များဖြစ်ကြသော အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်မှ ဗိုလ်လေးမောင်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့ဦးပရိယတ္တိစာသင်တိုက် သာသနာ့ဟိတဓမ္မာရုံအတွင်းတွင် အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပြီး ဆရာတော်/သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အမှတ် (၂) စစ်နယ်မြေမှူးနှင့် တာဝန်ရှိသူများ၊ ဆွမ်းအလှူရှင်များက ဆရာတော်/ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာပရိသတ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များကို နေ့လယ်စာဖြင့် ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)