ထားဝယ် ဩဂုတ် ၁၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက ပြည်ထောင်စုတရားသူကြီးချုပ်၏ မိန့်ခွန်း၊ လမ်းညွှန်မှာကြားချက်များနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် စတုတ္ထအချက်ဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တရားသူကြီးများ၊ တရားရေးအရာရှိများ နှင့် ဝန်ထမ်းများအနေဖြင့်နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြ၍ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရေး အတွက်ကျရာကဏ္ဍကနေပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အမှုများစစ်ဆေးစီရင်ရာမှာ ကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ဆောင်ရွက်ကြရန်၊ တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ကြရန်၊တရားစီရင်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ တစ်ဦးချင်းအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးဒေါ်အေးအေးသန်း၊ ဒေါ်ရင်ရင်သန်းတို့က မိမိတို့၏တရားစီရင်ရေး အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးမှာကြားပြီးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသိန်းထိုက်ဦးကအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ညွှန်ကြားရေးမှူးများက မှာကြားခဲ့သော စီမံခန့်ခွဲရေးနှင့်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)