မြောက်ဥက္ကလာပ ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ဝေဘာဂီ (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း ဦးဆောင်၍ ဦးဇော်မွန် (ဦးစီးအရာရှိ)(လုပ်ငန်းခွင်/ပတ်ဝန်းကျင်)နှင့် ကျန်းမာရေး၀န်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍ ဝေဘာဂီ (၁) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ကာ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး ဗီနိုင်းများကပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)